ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၏ ဝန်ထမ်းများအား Cyber Security နည်းပညာပိုင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ခြင်း

October 29, 2019 / Comments Off on ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၏ ဝန်ထမ်းများအား Cyber Security နည်းပညာပိုင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ခြင်း

News

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၏ ဝန်ထမ်းများအား Cyber Security နည်းပညာပိုင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ခြင်း

ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် US(ICT Council) တို့ပူးပေါင်း၍ Cyber လုံခြုံရေးနည်းပညာများ ပြန့်ပွားစေရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းမှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး၏ ဝန်ထမ်းများအတွက် Cyber Security နည်းပညာဆိုင်ရာ (၁) ရက်တာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်၊ အင်္ဂါနေ့ နံနက် (၉:၃၀) နာရီမှ ညနေ (၄:၀၀) နာရီအထိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၏ Media Corner ၌ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို နံနက် (၉:၃၀) နာရီ၌ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး၏ Media Corner ၌ ကျင်းပခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနား၌ ရန်ကုန်တိုင်းဒေသကြီး၏ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပေးခဲ့ပြီး၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်ကိုယ်စား မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ ဒုတိယ ဥက္ကဋ္ဌ ဦးငြိမ်းဦးက “Cyber Security” နည်းပညာပိုင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြား ပေးခဲ့ပါသည်။

ဆက်လက်ပြီး US ICT Council for Myanmar မှ Executive Director ဖြစ်သူ “ Magaret “Max” Shu Teasdale က Cyber Security Month Program 2019 နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာသော ဧည့်သည်တော်များနှင့် တာဝန်ရှိသူများမှ အမှတ်တရ မှတ်တမ်းဓါတ်ပုံ ရိုက်၍ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ စာမေးပွဲကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဇော်မြင့်က “Essentials of Cyber Security in E-Services” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်း၏ အတွင်းရေးမှူး ဦးရဲကျော်သိန်းက “Network & Infrastructure Security” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ အတွင်းရေးမှူး ဦးဇော်ဝင်းထွန်းက “Awareness on Cyber Security” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးဟောပြောခဲ့ကြပြီး တက်ရောက်လာသူများမှ မေးမြန်း သည်များကို အလုပ်အမှုဆောင်များက ပြန်လည်ဖြေကြား၍ ညနေ (၄:၀၀) တွင် အလုပ်ရုံဆွေးနွေးပွဲအခမ်းအနား ကို အောင်မြင်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ကြပါသည်။