ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းတို့ပူးပေါင်း၍ “MCPA ICT Tour (Digital Transformation)” နယ်လှည့်နည်းပညာ ဟောပြောပွဲကို ၂၀၁၉ ခုနှစ် ၊ နိုဝင်ဘာလ (၂၇)ရက်၊ ဗုဒ္ဓဟူးနေ့ နံနက် (၁၀:၀၀)နာရီမှ နေ့လယ် (၁၂:၃၀)နာရီအထိ ချင်းပြည်နယ်၊ ဟားခါးမြို့ ၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနား၌ ချင်းပြည်နယ် e-Government လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးရွှေထီးအိုးနှင့် ဖိတ်ကြားထားသောအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အသီးသီးမှ ဧည့်သည်တော် များ တက်ရောက်ခဲ့ကြပြီး၊ ချင်းပြည်နယ် e-Government လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးရွှေထီးအိုးက ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြား၍ တက်ရောက် လာသည့်ဧည့်သည်တော် များနှင့် အလုပ်အမှုဆောင်များက အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ အလုပ်အမှုဆောင် ဦးအောင်အောင်က “Building Capacity And Readiness for e-Government Transformation” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဥက္ကဋ္ဌ ဦးထွန်းခိုင်က “Current Trends In Digital Economy” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အတွင်းရေးမှူး ဦးဇော်ဝင်းထွန်းက “Cyber Security” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဆွေးနွေးဟောပြောခဲ့ကြပြီး တက်ရောက်လာသူများ၏ မေးခွန်းများကို ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ကြပါသည်။ ထို့နောက် ပြည်ထောင်စုရာထူးအဖွဲ့၏ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးမြင့်ဆွေက ကျေးဇူးတင်စကားပြောကြား၍ အခမ်းအနားကို အောင်မြင်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ ပါသည်။