မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းက ကြီးမှူး၍ ITPEC စာမေးပွဲအောင်လက်မှတ်နှင့် ထူးချွန်ဆု ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

January 26, 2026 / Comments Off on မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းက ကြီးမှူး၍ ITPEC စာမေးပွဲအောင်လက်မှတ်နှင့် ထူးချွန်ဆု ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

News

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) က ကြီးမှူးကျင်းပသည့် ITPEC စာမေးပွဲ အောင်လက်မှတ်နှင့် ထူးချွန်ဆုပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက် (စနေနေ့) က ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ MICT Park, Conference Hall ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးထွန်းခိုင်က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ ထို့နောက် အသင်း၏ အတွင်းရေးမှူးက အခမ်းအနား ဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီခဲ့ကြသည့် ကုမ္ပဏီများနှင့် အဖွဲ့အစည်းများအား ကျေးဇူးတင်စကား ပြန်လည် ပြောကြား ခဲ့သည်။
ယင်းနောက် ဆုချီးမြှင့်ခြင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ ITPEC အဖွဲ့ဝင် (၇) နိုင်ငံအတွင်း AP Exam, FE Exam နှင့် IP Exam တို့တွင် အမှတ်အများဆုံးရရှိသူများအား ITPEC Award ဆုကိုလည်းကောင်း၊ မြန်မာနိုင်ငံအတွင်း အမှတ်အများဆုံး ရရှိသူများအား Excellence Award ဆုကို လည်းကောင်း အသီးသီး ချီးမြှင့်ခဲ့ကြသည်။
ထို့အပြင် ၂၀၂၅ ခုနှစ်၊ ဧပြီလနှင့် အောက်တိုဘာလများတွင် ကျင်းပခဲ့သည့် ITPEC Exam များ၌ ဝင်ရောက်ဖြေဆိုသူအများဆုံးရရှိသည့် အဖွဲ့အစည်းအား Highest Enrollment Award နှင့် အောင်ချက်ရာခိုင်နှုန်း အမြင့်ဆုံးရရှိသည့် အဖွဲ့အစည်းအား Highest Pass Rate Award တို့ကို ပေးအပ်ချီးမြှင့်ခဲ့သည်။ အခမ်းအနားတွင် စာမေးပွဲအောင်မြင်ခဲ့သူများအား အောင်လက်မှတ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို တာဝန်ရှိသူများက အသီးသီး ပေးအပ်ခဲ့ကြသည်။
အခမ်းအနားအစီအစဉ်အရ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း စာရင်းစစ် ဦးအောင်အောင်က “IT: Path to a better future” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့ပြီး၊ STI Myanmar College မှ ကျောင်းသူလေးများက “မင်္ဂလာပါ” နှင့် “ရုံးတော်လွှတ်တော်” သီချင်းများဖြင့် မြန်မာ့ရိုးရာအကအလှများ ကပြဖျော်ဖြေခဲ့ကြပါသည်။