
အင်တာနက် ဘရောက်ဇာ လောကမှာ နာမည်ကျော်ဖြစ်တဲ့ မီးလျှံမြေခွေး (Firefox) ဘရောက်ဇာဟာ ဩဂုတ်လ ၃၁ရက်နေ့မှာ သုံးစွဲသူတွေ ဒေါင်းလုဒ်ရယူတဲ့ အကြိမ်ပေါင်း သန်းတစ်ထောင် (တစ်ဘီလျံ) ကျော်လွန်သွားပြီဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ ၂၀၀၈ခုနှစ်တုန်းက ထွက်ခဲ့တဲ့ အဆင့်၃ မှာတုန်းက ထွက်ထွက်ချင်း ၂၄နာရီအတွင်းမှာ ဒေါင်းလုဒ် အကြိမ်ပေါင်း သန်း၈၀၀နဲ့ စံချိန်တင်နိုင်ခဲ့ပါတယ်။ ဒါတောင် အလိုအလျောက် အဆင့်မြှင့်စနစ် အသုံးပြုပြီး အဆင့်မြှင့်ခြင်းမျိုးတွေကို ထည့်တွက်မထားပါဘူး။ ဒါကြောင့်လည်း ဂင်းနစ်ကမ္ဘာ့စံချိန် မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။ အသစ်ထွက်လာတဲ့ ဗားရှင်း ၃.၅မှာတော့ ယခင်က ရှိခဲ့တဲ့ လုံခြုံရေး အပေါက်အပြဲတွေကို ဖာထေးမှုနဲ့ အခြားသော ဖြည့်စွက်ချက်များစွာ ပါဝင်လာပြီး ဘာသာစကားပေါင်း ၇၅မျိုးနဲ့ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

Source: wikipedia

၂၀၀၄ခုနှစ် နိုဝင်ဘာ ၄ရက်နေ့မှာမှ စတင်ခဲ့တဲ့ မီးလျှံမြေခွေးဟာ ၅နှစ်တာ ကာလအတွင်းမှာ အင်အားကြီး ပြိုင်ဘက်တွေဖြစ်တဲ့ (Safari, Chrome, Opera, Flock, Maxthon) စတာတွေကို ကျော်ဖြတ်ပြီး ကမ္ဘာ့ ဘရောက်ဇာဈေးကွက်ရဲ့ သုံးပုံတစ်ပုံကို အုပ်စိုးထားတယ်လို့ ဘီဘီစီက စစ်တမ်းထုတ်ထားပါတယ်။ ဒါပေမယ့် မိုက်ခရိုဆော့ရဲ့ အင်တာနက်အိတ်စ်ပလိုရာ (IE) က ဈေးကွက်ရဲ့ ၆၀% ပိုင်ဆိုင်နေဆဲ ဖြစ်တာမို့ သူ့အနေနဲ့ ဆက်လက်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။ ဒါကလည်း တကယ်တမ်းတော့ မိုက်ခရိုဆော့ရဲ့ Operation System မှာကတည်းက IE ကို တစ်ခါတည်း ထည့်သွင်းပေးလိုက်မှုကြောင့် များပြားနေတာလို့ သုံးသပ်လို့ ရပါတယ်။ တဟုတ်ထိုး တိုးတက်များပြားလာနေတဲ့ ဖိုင်းယားဖောက်စ် အသုံးပြုသူတွေကြောင့် နံပတ် (၁) နေရာ ရောက်လာမလား ဆိုတာကတော့ သိပ်မကြာခင်မှာပဲ အဖြေပေါ်လာတော့မယ်လို့ ယူဆလို့ ရနေပါပြီ။
References
http://news.bbc.co.uk/2/hi/technology/8177829.stm
http://blog.mozilla.com/metrics/2009/07/31/firefox-1000000000-downloads/
http://www.latimes.com/business/la-fi-firefox1-2009aug01,0,7249132.story
http://news.cnet.com/8301-1001_3-10301013-92.html?tag=rtcol;inTheNewsNow
http://en.wikipedia.org/wiki/Mozilla_Firefox
