မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်း (MCPA) မှ ကြီးမှူး၍ “ရုပ်သံဖန်တီးထုတ်လုပ်မှုသင်တန်း”
မီဒီယာနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) မှ ဒစ်ဂျစ်တယ် ဗီဒီယိုနည်းပညာများ ပြည်သူလူထုအတွင်း ပြန့်ပွားစေရန် ရည်ရွယ်ချက်ဖြင့် “ရုပ်သံဖန်တီးထုတ်လုပ်မှုသင်တန်း” သင်တန်းအား ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ Myanmar Info-Tech ရှိ အဆောင်(၁) သင်တန်းခန်းတွင် ဇူလိုင်လ (၂၀) ရက်နေ့မှ သြဂုတ်လ (၁၇) ရက်နေ့အထိ ညနေ(၃းဝဝ)နာရီ မှ (၅းဝဝ) နာရီအထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည်။ သင်တန်းကြေးမှာ ၁၂၀ဝဝဝိ/-(တစ်သိန်းနှစ်သောင်းကျပ်တိတိ) ကျပ်ဖြစ်ပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းဝင် များအား ၁ဝ% Discount ပေးမည် ဖြစ်သည်။
အဆိုပါသင်တန်းတွင် ကွန်ပျူတာအခြေခံအဆင့် လေ့လာထားပြီး၊ ရုပ်သံအစီအစဉ်များနှင့် ရုပ်မြင်သံကြားကြော်ငြာများ၊ မှတ်တမ်းရုပ်ရှင်ကားများ ရိုက်ကူးတည်းဖြတ်ထုတ်လုပ်မှုများ အကြောင်းကို စိတ်ဝင်စားစွာလေ့လာလိုသူများ၊ ကုမ္ပဏီများ၊ ဌာနဆိုင်ရာများတွင် Video Presentation များဖြင့် နေ့စဉ် ထိတွေ့လုပ်ကိုင်နေရပြီး သင်တန်းအတွက် အချိန်များစွာ မပေးနိုင်သူများ၊ ဂရပ်ဖစ်ဒီဇိုင်းသင်တန်းများ၊ အနုပညာတက္ကသိုလ်နှင့် ပန်းချီပန်းပုကျောင်းများမှ ကျောင်းဆင်းပြီး ရုပ်သံဖန်တီး ထုတ်လုပ်မှုကို အထူးပြုလေ့လာနေသူများ၊ နိုင်ငံရပ်ခြားတွင် Video Production, Mass Communication, Animation ဘွဲ့နှင့် ဒီပလိုမာသင်တန်း တက်ရောက်ကြမည့် အခြေခံပညာအထက်တန်းအောင်မြင်ပြီး လူငယ်လူရွယ်များအား ခေတ်သစ် ရုပ်သံနည်းပညာတွင်ပါဝင်သော ဗီဒီယိုပုံရိပ်များဖွဲ့စည်းမှုသီအိုရီ၊ ဗီဒီယိုကင်မရာများ ကိုင်တွယ်အသုံးပြုပုံနှင့် အလင်းပေးခြင်း နည်းစနစ်များ၊ ဗီဒီယိုတည်းဖြတ်ခြင်း၊ စာတမ်းထိုးခြင်းနှင့် အရည်အသွေး မကျဆင်း အောင် ထုတ်လုပ်ပုံများ၊ ဒစ်ဂျစ်တယ် အသံပိုင်းဆိုင်ရာ သိကောင်းစရာများစာတွေ့၊ လက်တွေ့ပါဝင်ပြီး Adobe Certified Expert စာမေးပွဲနှင့် နိုင်ငံခြားအနုပညာ တက္ကသိုလ်ဝင်ခွင့်များ ဖြေဆိုရာတွင် အထောက်အကူရရှိပါမည်။ အထက်ပါသင်တန်းအား ဦးဝဏ္ဏကျော် (Art Director - People Media, Inforithm-Maze Co.,Ltd) ASEAN Award Winning New Media Artist, Contributor (Internet Journal) မှ သင်ထောက်ကူ ပစ္စည်းအပြည့်အစုံဖြင့် လာရောက်သင်ကြားမည်ဖြစ်ပြီး ဧည့်ပညာရှင်များအဖြစ် စာရေးဆရာ ချစ်ဦးညိုမှ ရုပ်ရှင်ဇာတ်ညွှန်းရေးသားခြင်းအကြောင်း၊ ဒါရိုက်တာမင်းထင်ကိုကိုကြီး မှ မှတ်တမ်းရုပ်ရှင်ဖန်တီးခြင်း အကြောင်း၊ ဒါရိုက်တာ ဇော်ဆက်မှ ရုပ်ရှင်တည်းဖြတ်မှု အကြောင်း၊ တေးရေးနောင်နောင်(S.F) မှ ဇာတ်ဝင်တေးရေးသားခြင်း အပါအဝင် ဂီတရုပ်ရှင် အခြေခံသဘော တရားများကို လာရောက်ပံ့ပိုးပို့ချပေးကြမည်ဖြစ်သည်။ သင်တန်းသားများအတွက် လိုအပ်သော Software Application Installer များ၊ Plug-ins များ၊ Resource Material များ၊ မြန်မာ ဘာသာဖြင့် ရေးသားပြုစုထားသော ခေတ်ပေါ်ဗီဒီယို နည်းပညာနှင့် ရုပ်ရှင်ဂီတသဘောတရား ဆိုင်ရာ မှတ်စုများ ကိုလည်း တစ်ပါတည်း ဖြန့်ဝေပေးသွားမည်ဖြစ်သည်။ အသေးစိတ် သိရှိလိုပါက မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ်-၆၅၂၂၇၆ သို့ ဇူလိုင်လ (၁၆)ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ကြောင်း သတင်းရရှိသည်။
